Crypto က ရောက်လာပြီဆိုရင် နည်းပညာစကားလုံးတွေအပြင် စိတ်ခံစားချက်ကို ဖော်ပြတဲ့ FOMO နဲ့ FUD ဆိုတဲ့ စကားလုံးနှစ်ခုကို အမြဲကြားနေရမှာပါ။ ဒီစကားလုံးနှစ်ခုဟာ Crypto စျေးကွက်ရဲ့ အတက်အကျကို မောင်းနှင်နေတဲ့ အဓိက "စိတ်ပညာလက်နက်" တွေလို့တောင် ပြောလို့ရပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် FOMO ဆိုတာကတော့ လောဘကြောင့်ဖြစ်လာတဲ့ "အခွင့်အရေးကိုလက်လွတ်သွားမှာ ကြောက်တဲ့စိတ်" ဖြစ်ပြီး၊ FUD ကတော့ ကြောက်ရွံ့မှုကြောင့်ဖြစ်ပေါ်လာတဲ့ "ယုံကြည်မှု ပျောက်ဆုံးခြင်း" ပဲ ဖြစ်ပါတယ်။

‎‎FOMO (Fear Of Missing Out)

‎Coin or Token တစ်ခုခု စျေးတွေ အရမ်းတက်နေပြီဆိုရင် "ငါတော့ နောက်ကျကျန်ခဲ့ပြီ၊ အခုချက်ချင်းဝင်မဝယ်ရင် ချမ်းသာမယ့်အခွင့်အရေး ဆုံးရှုံးတော့မယ်" ဆိုတဲ့ စိတ်နဲ့ အလုအယက် လိုက်ဝယ်တာကို FOMO ဝင်တယ်လို့ ခေါ်ပါတယ်။

‎ ဥပမာ - Meme coin တစ်ခုက တစ်ရက်တည်းနဲ့ ၁၀ ဆလောက် တက်သွားတာကို မြင်တဲ့အခါ လူတွေဟာ ဘာမှမစဉ်းစားတော့ဘဲ အမြင့်စျေးမှာ လိုက်ဝယ်မိတတ်ကြပါတယ်။ ဒီလို FOMO စိတ်ကြောင့် အမြင့်စျေးမှာ ဝယ်မိပြီး၊ စျေးပြန်ကျတဲ့အခါ အကြီးအကျယ် ရှုံးနိမ့်သွားတာမျိုးတွေ Crypto လောကမှာ ခဏခဏ တွေ့ရတတ်ပါတယ်။

‎FUD (Fear, Uncertainty, and Doubt)

‎ဒါကတော့ FOMO ရဲ့ ဆန့်ကျင်ဘက်ပါပဲ။ စျေးကွက်ထဲမှာ "Bitcoin ကို ဆရာကြီးတွေ ထုတ်ရောင်းတော့မယ်"၊ "Exchange တစ်ခုကတော့ ဒေဝါလီခံတော့မယ်" ဆိုတဲ့ သတင်းအမှားတွေ၊ ကောလာဟလတွေ ထွက်လာတဲ့အခါ လူတွေဟာ ကြောက်ရွံ့ပြီး ကိုယ့်ဆီမှာရှိတဲ့ Coin တွေကို အလုအယက် ပြန်ရောင်းချကြတာကို ဆိုလိုတာပါ။ FUD ဆိုတာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ဖျက်ဆီးပြီး စျေးနှုန်းတွေ ထိုးကျသွားအောင် လုပ်ဆောင်တဲ့ နည်းဗျူဟာတစ်ခုလည်း ဖြစ်ပါတယ်။

‎‎ဒါဆိုရင် ဒီစိတ်ခံစားချက်တွေက ကျနော်တို့လို ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘာကြောင့် အရေးပါနေရတာလဲ။

‎အဓိက အချက်ကတော့ Crypto စျေးကွက်ကြီးဟာ တခြားဈေးကွက်တွေထက် စိတ်ခံစားချက်အပေါ် ပိုပြီး မူတည်နေလို့ပါပဲ။ ဝေလငါး (Whales) လို့ခေါ်တဲ့ အင်အားကြီး ရင်းနှီးမြှုပ်နှံသူတွေဟာ FOMO နဲ့ FUD ကို အသုံးချပြီး စျေးကွက်ကို လှည့်စားတတ်ကြပါတယ်။ လူတွေ FOMO တက်ပြီး အလုအယက် ဝယ်နေချိန်မှာ သူတို့က စျေးအမြင့်နဲ့ ပြန်ရောင်းထုတ်လိုက်သလို၊ လူတွေ FUD ဖြစ်ပြီး ကြောက်လန့်တကြား ရောင်းထုတ်နေချိန်မှာတော့ သူတို့က စျေးပေါပေါနဲ့ ဝယ်ယူပြီး အမြတ်ထုတ်တတ်ကြပါတယ်။ ဒါကြောင့် FOMO နဲ့ FUD ရဲ့ သားကောင်ဖြစ်သွားရင် ကိုယ့်ရဲ့ အရင်းအနှီးတွေ ဆုံးရှုံးဖို့ သေချာသလောက် ရှိနေပါတယ်။

‎‎FOMO နဲ့ FUD ဆိုတာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ရဲ့ "ဦးနှောက်နဲ့ နှလုံးသား" အားပြိုင်နေတာပါ။ FOMO က ကိုယ့်ကို လောဘနောက် လိုက်ခိုင်းပြီး FUD ကတော့ ကိုယ့်ကို ကြောက်စိတ်နောက် လိုက်ခိုင်းပါတယ်။ ဒီနှစ်ခုစလုံးဟာ အချက်အလက် (Data) အပေါ်မှာ မူတည်တာမဟုတ်ဘဲ စိတ်ခံစားချက်အပေါ်မှာပဲ မူတည်နေတာပါ။ ဒါကြောင့် အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်ချင်ရင် ဒီစိတ်လှုပ်ရှားမှု မုန်တိုင်းတွေကြားမှာ သွေးအေးအေးနဲ့ အချက်အလက်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။

‎‎ဒါကြောင့် Crypto ထဲမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် စျေးနှုန်းတွေ တက်တာ၊ ကျတာကိုပဲ ကြည့်ပြီး အရူးချီးပန်းလိုက်လုပ်နေလို့မရပါဘူး။ ကိုယ်ကြားနေရတဲ့ သတင်းတွေက တကယ်ပဲလား၊ လူတွေကို FOMO တက်အောင် ဒါမှမဟုတ် FUD ဖြစ်အောင် လုပ်နေတဲ့ ကောလာဟလတွေလား ဆိုတာကို သတိနဲ့ ခွဲခြားဖို့ လိုအပ်ပါတယ်။ သူများတွေ အော်တာနောက်ကို မျက်စိမှိတ် လိုက်မလုပ်ဘဲ ကိုယ်တိုင် သေချာလေ့လာဆန်းစစ်ပြီးမှ ဆုံးဖြတ်တာက အကောင်းဆုံးပါပဲ။

#fomo #knowledge #cryptos #FUD